May 17, 2010

ကဗျာဝိဥာဉ်

တကယ်တော့ … ရေလောင်းပေါင်းသင်ပြီး
ရင်ဘက်ထဲမှာ ပျိုးထားမိတဲ့ ဓါးထက်ထက်တစ်လက်ပါပဲ …
ရှင်းသန့်စွတ်ပျံ့တဲ့မွှေးရနံ့လေးတွေနဲ့မို့ … ကျနော် … နေပျော်ပါတယ် …
နားလည်ပါတယ် … ကောင်မလေးရယ် …
ပိတောက်တွေရဲ့ဂုဏ်ဒြပ်အတွက် … ဒီလောက်တော့ ရင်နင့်ပေးနိုင်ပါတယ် …

ထိုင်နေကျဘုံဆိုင်လေးထဲမှာ ကျနော့်စိတ်တွေစိမ်းမြအုံ့မှိုင်းနေတယ် …
ဘယ်သူမှ … နားလည်ပေးကြလိမ့်မယ်မဟုတ်ဘူး …
ဒါပေမယ့် … ကျနော့်ဂစ်တာအနက်ကလေး သိတယ် …
ပန်းနုရောင်စာရွက်ကလေး သိတယ် …
အပြာရောင်နှလုံးသားလေး သိတယ် …
အဖြူရောင်ကောင်မလေးလဲသိလိမ့်မယ် လို့ မျှော်လင့်ပါတယ် …
အလွမ်းဆိုတာ … ကျနော်တစ်ယောက်ထဲရှိတဲ့အချိန်တိုင်း …
…….. ခပ်တိုးတိုးရေရွတ်မိတဲ့ ကဗျာလေးတွေရဲ့မျက်ရည်စတွေပဲပေါ့ …

ကျနော်သိပါတယ် …
သူ့လက်ဖ၀ါးထဲမှာ ပိတောက်ကလေးတစ်ခက်ရှိနေဦး မယ် …
ကျနော့်မှာလဲ …
သူ့ကိုမဆိုပြဖြစ်သေးတဲ့ … သီချင်းတစ်ပုဒ်ရှိတယ်
အဲ့ဒီသီချင်းထက်ဖွဲ့တဲ့ … ကဗျာတစ်ပုဒ်
အဲ့ဒီကဗျာထက်လှတဲ့ … ပန်းတစ်ပွင့်
အဲ့ဒီပန်းထက်မွှေးတဲ့ … မြတ်နိုးခြင်းတွေရှိသေးတယ် လေ …

မိုးစဲတဲ့တစ်ရက် မိုးခိုသူလေး ... လှမ်းထွက်သွားနိုင်ရဲ့ …
ဆောင်းကုန်တဲ့တစ်ရက် ဆောင်းခိုငှက်လေး ... ပျံသန်းသွားနိုင်ရဲ့နဲ့ …
ဒီနေရာမှာ ... ကွက်လပ်လေးတစ်ခုကိုချန်
သန်းခေါင်ယံတွေကိုပဲ အမှန်ပြန်ခြစ်ပေးခဲ့လိုက်တ ယ် … ။ ။
(သုည)

5 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Anonymous said...

အဲ့ဒီပန်းထက်မွှေးတဲ့ … မြတ်နိုးခြင်းတွေရှိသေးတယ် လေ …

အဲဒီစာသားလေးကိုကြိုက်တယ်နော်...
သူရော သူမရော ကဗျာလေးတွေရေးတက်ပါပေတယ်

နေခ said...

အရမ်းပျော့တယ်ဗျာကဗျာလေးက..ဒါပေမဲ့ကြိုက်တယ်...

သူကြီးမင်း (တုံးဖလား) said...

ကဗျာဝိညာဉ်ဆိုတဲ့အတိုင်းပါဘဲ။ ကဗျာလေးက သိမ်သိမ်မွေ့မွေ့ပါဘဲ။ စိတ်ကို နူးညံ့ ကြည်နူးစေပါတယ်။

မြစ်ကျိုးအင်း said...

ဖတ်လို့ကောင်းတယ်ဗျာ
ငြိမ့်ငြိမ့်လေးပဲ။ ဒီကဗျာလေး သဘောကျတယ်။

wayynay said...

ဖတ်လို့ကောင်းတယ်ဗျာ
ကဗျာကောင်းလေး တစ်ပုဒ်ပါ။
ခံစားလို့ရတယ်။